မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု၏ ၂ နှစ်ပြည့်နေ့အပေါ် ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂအဖွဲ့ချုပ်များ၏ ထုတ်ပြန်ချက်၊  
ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ၂၀၂၃ ခုနှစ်

မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု၏ ၂ နှစ်ပြည့်နေ့အပေါ် ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂအဖွဲ့ချုပ်များ၏ ထုတ်ပြန်ချက်၊
ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ၂၀၂၃ ခုနှစ်

Global Unions Statement on the Second Anniversary of the Military Coup in Myanmar

Council of Global Unions (CGU)

မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု၏ ၂ နှစ်ပြည့်နေ့တွင် ကမ္ဘာတဝှမ်းရှိ အလုပ်သမား သန်း ၂၀၀ ကို ကိုယ်စားပြုသော ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂအဖွဲ့ချုပ်များမှ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်း မှုများ အသစ်တဖန်ပြုလုပ်ကြပါရန် တောင်းဆိုအပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာပြည်သူ လူထု၏ တရားဝင်ကိုယ်စားပြုသူအဖြစ် သံတမန်နည်းအရ တရားဝင်အသိအမှတ်ပြုရေးနှင့် နိုင်ငံရေးအကျဥ်းသားများကို လွှတ်ပေးရေးအတွက် တောင်းဆိုကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ တောင်းဆိုသော ကမ္ဘာလုံး ဆိုင်ရာ လှုပ်ရှားမှုနေ့ကို ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂအဖွဲ့ချုပ်များမှ အားပေးထောက်ခံပါသည်။

ဆယ်စုနှစ်များစွာဖြင့် စစ်အုပ်ချုပ်ရေးစနစ်အပြီး ဦးတည်နေသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းကို အနှောင့် အယှက်ပေးကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်မှ ရွေးကောက်တင်မြှောက်ခံထားရသော နိုင်ငံတော်၏အစိုးရသစ်ကို ဖယ်ရှားခဲ့ပါသည်။ စစ်တပ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဟု ခေါ်သွင်သော အဖွဲ့တခု အောက်တွင် တရားမဝင်အစိုးရတရပ်ကို ဖွဲ့စည်းခဲ့ပါသည်။ ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်တင်မြှောက် ခံထားရသူ နိုင်ငံရေးသမားမှ NUG ဟု ခေါ်သွင်သော အစိုးရတရပ်ကို ဖွဲ့စည်းခဲ့ပါသည်။

စစ်အာဏာသိမ်းမှုကို အာဏာဖီဆန်သော လှုပ်ရှားမှုပြုလုပ်ကြသူ မြန်မာပြည်သူများက ကျယ်ကျယ်ပြန့်ပြန့် ခုခံခဲ့ကြ ပါသည်။ စစ်အစိုးရမှ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် ဖမ်းဆီး သတ်ဖြတ်မှုများဖြင့် တုံ့ပြန်ခဲ့ပါသည်။ ယနေ့ အချိန် ထိ – သမဂ္ဂအဖွဲ့ဝင်များအပါအဝင် – လူပေါင်း ၁၇၄၈၁ ဦး ဖမ်းဆီးခံခဲ့ရပြီး ၁၃၆၈၀ ဦးမှာ ဆက်လက် ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါသည်။ ၂၈၉၂ ဦးမှာ စစ်အစိုးရ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။ အကြမ်းမဖက် ဆန္ဒထုတ်ဖော်မှုအပေါ် ရက်ရက် စက်စက်ဖိနှိပ်မှုက လက်နက်ကိုင်အင်အားစုများကို ဖြစ်ပေါ်လာစေပြီး ယခုအခါ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပွားနေ သည့် အခြေအနေ ဖြစ်ပါသည်။

စစ်အစိုးရက မြန်မာနိုင်ငံတွင်းရှိ သမဂ္ဂအများစုကို ပိတ်ပင်ထားပါသည်။ သမဂ္ဂလှုပ်ရှားသူ တော်တော်များများ ထိန်းသိမ်း ခံထားရပြီး တချို့သူတွေ အသတ်ခံရတာ သို့မဟုတ် ပုန်းအောင်းနေကြရတာမျိုး ရှိနေပါသည်။ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့် အခွင့်အရေးကို ကျင့်သုံးရန် မဖြစ်နိုင်ပါ။

စစ်အာဏာသိမ်းမှု နှစ်ပတ်လည်နေ့မှာ ကမ္ဘာတဝှမ်းက သမဂ္ဂများအနေဖြင့် မြန်မာသံရုံးနှင့် စစ်တပ်ကို ထောက်ခံနေတဲ့ နိုင်ငံများ၏ သံရုံးများရှေ့မှာ သပိတ်များ သို့မဟုတ် ဆန္ဒပြပွဲများ ပြုလုပ်ပြီး အောက်ဖော်ပြပါ တောင်းဆိုချက်များဖြင့် တောင်းဆိုကြပါရန် CTUM မှ တောင်းဆိုပါသည် –

၁။ မြန်မာသူရဲကောင်းများကို ဂုဏ်ပြုပါသည်

၂။ နိုင်ငံရေးအကျဥ်းသားများကို လွှတ်ပေးပါ

၃။ ပြည်သူတို့၏ ဒီမိုကရေစီကို ထောက်ခံအားပေးပါ

၄။ တရားဝင်အစိုးရကို ပြန်လည်ခန့်အပ်ပါ

မြန်မာသမဂ္ဂများ၏ အဓိကတောင်းဆိုမှုသည် NUG ကို သံတမန်နည်းအရ တရားဝင် အသိအမှတ်ပြုရန်ဖြစ်ပါသည်။ စစ်အစိုးရသည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရပမာ သံတမန်နည်းအရ အသိအမှတ်ပြုမှုကို ရရှိအောင်ကြိုးပမ်းခြင်းဖြင့် ၎င်းတို့၏ ထိန်းချုပ်မှုကို ပုံမှန်ဖြစ်အောင် ကြိုးပမ်းနေပါသည်။ မြန်မာပြည်သူလူထု၏ တရားဝင် ဒီမိုကရေစီနည်းကျ ရွေး ကောက်တင်မြှောက်ခံထားရသော ကိုယ်စားလှယ်ဖြစ်လင့်ကစား NUG ကို တရားဝင် သံတမန်နည်းအရ အသိအမှတ် ပြုခြင်းမျိုး အလုံးစုံတော့ မဟုတ်ပါ။

၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ အသိအမှတ်ပြုခံရမှုအတွက် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို ငြင်း ပယ်ခဲ့ပြီး စစ်အာဏာမသိမ်းခင်ကတည်းက နေရာရထားပြီးသား NUG ၏ ကိုယ်စားလှယ်ကိုပဲ ၎င်း၏နေရာကို ထားရှိ ခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားလှုပ်ရှားမှုက ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ် ILO ၏ အပြည်ပြည်ဆိုင်ရာ အလုပ်သမား များ ညီလာခံတွင် စစ်အစိုးရကို ငြင်းပယ်နိုင်စေခဲ့ပါသည်။

သို့သော်လည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများတွင် အလုံးစုံ ရပ်တည်ချက် မရှိပါ။ ထိပ်သီးအစည်းအဝေးများမှာ SAC ရဲ့ ပါဝင်မှုကို အာဆီယံနိုင်ငံများမှ ကန့်သတ်ခဲ့သော်လည်း ဒေသတွင်းက သံရုံး များကို စစ်အစိုးရမှ ထိန်းချုပ်ထားကာ အာဆီယံအစိုးရများမှလည်း တခြားသော အစည်းအဝေးနှင့် ဖိုရမ်များမှာ စစ်အုပ်စု နှင့် ဆက်ဆံနေပါသည်။

SAC ဟာ ရုရှားနှင့်တရုတ်နိုင်ငံများမှ အားကောင်းသော အထောက်အပံ့များ ရရှိပြီး အိန္ဒိယနှင့်ထိုင်းနိုင်ငံတို့မှ အသိအမှတ် ပြုမှုတချို့ ရရှိပါသည်။ ၂၀၂၁ တွင် ဥရောပပါလီမန်မှ NUG ကို မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ် ပြုရေး ဆုံးဖြတ်ချက်တရပ် အတည်ပြုချမှတ်ခဲ့ပြီး ဥရောပနိုင်ငံတော်တော်များများတွင် NUG မှ သံတမန်ဆက်ဆံရေး တည်ရှိသော်လည်း မည်သည့် NUG ကိုယ်စားလှယ်မှ သံတမန်ရေးရာအရ ခန့်အပ်ခံရမှု မရှိပါ။

၂၀၂၁ ခုနှစ်တွင် နိုင်ငံစုံကုမ္ပဏီများအနေဖြင့် လျော်ကန်သည့်ဝီရိယစိုက်ထုတ်မှုကို စောင့်ကြည့်ကာ စီးပွားရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်ချက်များ၊ နိုင်ငံစုံစီးပွားရေးလုပ်ငန်းများအတွက် OECD လမ်း ညွှန်ချက်များနှင့်အညီ မြန်မာစစ်တပ်နှင့် တိုက်ရိုက်လုပ်ငန်းဖြစ်စေ၊ ဆက်စပ်လုပ်ငန်းများနှင့် ဖြစ်စေ ပတ်သက် မှုများကို ဖြတ်တောက်ရန် ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂအဖွဲ့ချုပ်များမှ တောင်းဆိုခဲ့ပါသည်။ လျော်ကန်သည့်ဝီရိယစိုက်ထုတ်မှု ကျင့်သုံးနိုင်ခြင်းမရှိသည့် အချိန်တွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ခြင်းကို စီးပွားရေးအရရွေးချယ်မှုအဖြစ် ရှိသင့်ပါသည်။ ကုမ္ပဏီတချို့က မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းလည်ပတ်နေတာကို ရပ်တန့်လိုက်သော်လည်း စစ်တပ်သည် လက်နက်များထုတ်လုပ်ရန်အတွက် အမေ ရိကန်၊ ဥရောပနှင့် အာရှနိုင်ငံရှိ ကုမ္ပဏီများမှ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ကို လက်လှမ်းမီနိုင်ခဲ့ပါသည်။

ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂအဖွဲ့ချုပ်များအနေဖြင့် NUG ကို အသိအမှတ်ပြုရေး၊ စစ်အစိုးရကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် သည့်နည်းဖြင့် အကျိုးဖြစ်ထွန်းစေမှုအားလုံးကို ဖြတ်တောက်ရန်အတွက် စစ်တပ်နှင့်အလုပ်လုပ်နေကြသော နိုင်ငံတကာ ကုမ္ပဏီများကို ဖိအားပေးရေး ၎င်းတို့၏ နိုင်ငံအလိုက် အစိုးရများကို တောင်းဆိုပေးပါရန် ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂအဖွဲ့ ချုပ်များမှ ၎င်းတို့၏ အဖွဲ့ဝင်သမဂ္ဂများကို မေတ္တာရပ်ခံတောင်းဆိုပါသည်။

ဒီစစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားလှုပ်ရှားမှုသည် မြန်မာပြည်သူလူထု တရပ်လုံးနှင့် သွေးစည်းညီညွတ်စွာဖြင့် ပြတ်သားစွာ ရပ်တည်နေပါသည်။ ဒီမိုကရေစီ ပြန်လည်မရမချင်း ကျွန်ုပ်တို့ အနားယူ လိမ့်မည် မဟုတ်ပါ။

လူမှုကာကွယ်စောင့်ရှောက်ရေး ထိရောက်စေရန် အမျိုးသမီးများကို ခွန်အားပေးရမည်၊  အလုပ်သမားအခွင့်အရေးကို မြှင့်တင်ရမည်၊ ချမ်းသာကြွယ်ဝမှုတို့ကို ပြန်လည်ဖြန့်ဝေပေးရမည်

လူမှုကာကွယ်စောင့်ရှောက်ရေး ထိရောက်စေရန် အမျိုးသမီးများကို ခွန်အားပေးရမည်၊ အလုပ်သမားအခွင့်အရေးကို မြှင့်တင်ရမည်၊ ချမ်းသာကြွယ်ဝမှုတို့ကို ပြန်လည်ဖြန့်ဝေပေးရမည်

လူမှုကာကွယ်စောင့်ရှောက်ရေးသည် အလုပ်သမားများ၏ အသက်မွေးဝမ်းကျောင်းကို တိုးတက်စေနိုင်ပြီး တည်မြဲသော ဝင်ငွေ၊ ဘေးကင်းလုံခြုံသောအလုပ် ရရှိနိုင်သည့် ပတ်ဝန်းကျင် ဖန်တီးပေးနိုင်တယ်ဆိုတာ သံသယရှိစရာမလိုပါ။  ဤအရာအက အထူးသဖြင့် အသေးစားငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများနှင့် တပိုင်တနိုင် တောင်သူလယ်သမားများ၊ ရိုးရိုးကဏ္ဍက အလုပ်သမားများနှင့် အိမ်တွင်းအလုပ်သမားများအတွက် အရေးကြီးပါသည်။ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုဘဝဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အားနည်းချက် ကြီးမားလေလေ၊  လူမှုဘဝကာကွယ်စောင့်ရှောက်မှုအတွက် လိုအပ်ချက် ကြီးမားလေလေ ဖြစ်သည်။ သို့ပေမယ် တချိန်တည်းမှာ – ရုပ်ပိုင်းဆိုင်ရာ၊ လူမှုဘဝဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အားနည်းချက် ကြီးမားခြင်းက အဲဒီအလုပ်သမားတွေ လူမှုဘဝဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုရရှိခံစားဖို့ ပိုမိုနည်းပါးစေပါသည်။  အားနည်းချက်နှင့် လူမှုဘဝကာကွယ်စောင့်ရှောက်မှု တို့ကြား ဤပြောင်းပြန်ဆက်စပ်မှုသည် ကဏ္ဍအားလုံးတွင် ပျံ့နှံ့နေပြီး အထူးသဖြင့် လွတ်လွတ်လပ်လပ်လုပ်ကိုင်ရသော ကဏ္ဍက လုပ်သားများနှင့် ရွှေ့ပြောင်းအလုပ်သမားများကြားတွင် ထင်ရှားပါသည်။

လူမှုကာကွယ်စောင့်ရှောက်ရေးကို ပိုမိုတောင်းဆိုခြင်းသည် သူ့ဘာသာသူ ဖြေရှင်းချက်တော့ မဟုတ်ပါ။  ငါးဖမ်းလုပ်ငန်းကဏ္ဍကို ဥပမာအားဖြင့် ကြည့်ရမည်ဆိုလျှင် တံငါသည်များ၊ လယ်သမားများနှင့် ငါးဖမ်းလုပ်သားများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် သုခချမ်းသာများဆိုင်ရာ ရပိုင်ခွင့်များ လက်လှမ်းမီမှုရရှိစေရေးတို့အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးသည် ထိရောက်မှု ရှိစေနိုင်ပါသည်။ သို့သော်လည်း ၎င်း၏ ထိရောက်မှုသည် အခွင့်အရေး၊ လုပ်ငန်းစဥ်နှင့် အရင်းအမြစ် ခွဲဝေမှုတို့အပေါ်တွင် မူတည်ပါသည်။

ဆင်းရဲမွဲတေမှု လျှော့ချရေး၊ အသက်မွေးဝမ်းကျောင်း တိုးတက်ရေးမှာ ထိရောက်မှုရှိစေရန် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် အမျိုးသမီးအလုပ်သမားများ ဆုံးဖြတ်ချက်ချမှုအပိုင်းတွေမှာ တိုက်ရိုက်ပါဝင်မှု မရှိမဖြစ်လိုအပ်ပါသည်။ အမျိုးသမီးတို့၏ပါဝင်မှုသည် သင်္ကေတအဖြစ် သို့မဟုတ် အချည်းအနှီးအဖြစ် (အမျိုးသမီးများကို လူမှုကာကွယ်စောင့်ရှောက်ရေး ရုပ်ပစ္စည်း ပစ်မှတ်များအဖြစ်) မထားရှိသင့်ပါ။ ၎င်းသည် ကျားမရေးရာ ရှုထောင့်များနှင့် ကျားမရေးရာ အခြေခံချဥ်းကပ်မှုများ တစ်ခုတည်းပေါ်တွင် အခြေမခံပဲ အမျိုးသမီးများကိုယ်တိုင် ပါဝင်လာခြင်း ဖြစ်ပါသည်။ လူမှုကာကွယ်စောင့်ရှောက်ရေး ထိရောက်ပြီး အမှတ်တကယ် မျှမျှတတဖြစ်စေရန် လုပ်ငန်းခွင်များ၊ လယ်ခင်းများနှင့် လူ့အဖွဲ့အစည်းများတွင်လည်းကောင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ အစီအစဥ်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း အဆင့်အားလုံးတွင်လည်းကောင်း အမျိုးသမီးလုပ်သားများ သူတို့ဘာသာသူတို့ စုပေါင်းကိုယ်စားခွင့် ရှိကြရမည်။

အများပြည်သူပိုင် အရင်းအမြစ်များ ခွဲဝေဖြန့်ဖြူးခြင်းအပေါ်တွင်လည်းကောင်း၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနှင့် လက်လှမ်းမီမှုတို့ကို သေချာစေရန် စဥ်ဆက်မပြတ် အကဲဖြတ်ခြင်းနှင့် စောင့်ကြည့်ခြင်းတို့တွင် လည်းကောင်း ဆုံးဖြတ်ချက် ချမှတ်ရာတွင် အမျိုးသမီးများ၏ တိုက်ရိုက် စုပေါင်းကိုယ်စားပြုမှုမှတဆင့် ပြုလုပ်စေခြင်းဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးသည် အဓိပ္ပာယ်ရှိပြီး ထိရောက်မှုရှိစေလိမ့်မည်။ အကယ်၍ ဆုံးဖြတ်ချက်ချမှုတွင် အမျိုးသားများလွှမ်းမိုးပါက လူမှုကာကွယ်စောင့်ရှောက်ရေး ထိရောက်မှုမရှိသည့်အပြင် ၎င်း၏ နယ်ပယ်နှင့်လက်လှမ်းမီမှုတွင် အကန့်အသတ်ရှိပြီး ခွဲခြားဆက်ဆံမှု၊ အလွဲသုံးစားမှု၊ အကျင့်ပျက်ခြစားမှု အလားအလာလည်း ပိုရှိလာစေပါသည်။ အကျင့်ပျက်ခြစားမှုများကြောင့် လက်ရှိ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဥ်များ တိုက်စားခံရမှုသည် ဒေသတွင်းမှာ ကြီးမားသော စိန်ခေါ်မှုတရပ်အဖြစ် ရှိနေဆဲ ဖြစ်သည်။

ကျိုးပဲ့နေသော၊ တာဝန်မဲ့သော၊ လျို့ဝှက်သော အဖွဲ့အစည်းများတွင် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် အရင်းအမြစ်များ ပေါင်းထည့်ခြင်းသည် ကျွန်ုပ်တို့ကို ကျရှုံးစေဖို့အတွက်လို့ပဲ ရိုးရှင်းစွာ သတ်မှတ်ပါသည်။ နည်းပညာအသစ်များသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နိုင်သော်လည်း အခြေခံကျသော အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လိုအပ်ပါသည်။ အဲဒီထဲက အရေးကြီးဆုံးမှာ ဆုံးဖြတ်ချက်ချမှုအပိုင်းတွင် အမျိုးသမီးများ၏ တိုက်ရိုက်စုပေါင်းပါဝင်မှု ရှိစေရန် ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် အမျိုးသားကျေးလက်အလုပ်အကိုင်အာမခံချက်အက်ဥပဒေ (NREGA) အောက်တွင် လူမှုကာကွယ်ရေးစောင့်ရှောက်ရေးကို အထိရောက်ဆုံး အသုံးပြုမှု ရရှိပါသည်။ သူတို့ဆီတွင် အမျိုးသမီးများ ဦးဆောင်သည့် လွတ်လပ်ပြီး ဒီမိုကရေစီနည်းလမ်းကျသော သမဂ္ဂများမှ စည်းရုံးမှု၊ မူဝါဒကြားဝင်ညှိနှိုင်းမှုနှင့် ဆုံးဖြတ်ချက်ချမှုတို့တွင် ပါဝင်နေခြင်းဖြစ်ပါသည်။ ဒီသမဂ္ဂများသည် NREGA အောက်မှ ၎င်းတို့ အမျိုးသမီးအခွင့်အရေးရရှိစေရေး ရရှိစေပါသည်။ တဖက်မှာလည်း NREGA အရင်းအမြစ်များကို သင့်လျှော်မျှတပြီး ထိရောက်သော အသုံးပြုမှု ဖြစ်စေရန် ဒေသခံအာဏာပိုင်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပါသည်။

ဆုံးဖြတ်ချက်ချမှတ်သည့်အပိုင်းတွင် အမျိုးသမီးများ၏ တိုက်ရိုက်စုပေါင်း ပါဝင်မှုနှင့် ကိုယ်စားပြုမှုတို့သည် ILO ပြဌာန်းချက် အမှတ် ၈၇ တွင် အာမခံချက်ပေးထားသော လွတ်လပ်စွာအသင့်အပင်းဖွဲ့စည်းခွင့် အခွင့်အရေးကို ကျင့်သုံးနိုင်မှုဟု ယူဆလို့ရပါသည်။ (စိုက်ပျိုးရေးဆိုင်ရာလုပ်သားများ စည်းရုံးခွင့်၊ ကျေးလက်လုပ်သားများ၏ အဖွဲ့အစည်း၊ အိမ်တွင်းအခြေပြု လုပ်သားများ ဆိုင်ရာ ILO ပြဌာန်းချက် အမှတ် ၁၁, ၁၄၁ နှင့်  ၁၇၇ တို့သည်လည်း အရေးကြီးပါသည်။) အမျိုးသမီးများသည် သူတို့ကိုယ်တိုင်ရွေးချယ်ထားသော အဖွဲ့အစည်း တခုခုတွင် အတူတကွ စုပေါင်းနိုင်သည်၊  ၎င်းတို့၏ စုပေါင်းအကျိုးစီးပွားကို ကိုယ်စားပြုပြီး စုပေါင်းတောင်းဆိုမှုနှင့် ဆုံးဖြတ်ချက်ချမှုတို့တွင် ပါဝင်ဆောင်ရွက်နိုင်ပါသည်။ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် အပေါ် ကန့်သတ်ချက်များ သို့မဟုတ် ဤအခွင့်အရေးကို ရရှိစေရန် အမျိုးသမီးများအား အဟန့်အတားဖြစ်စေသော အတားအဆီးများသည် ၎င်းတို့၏ ပါဝင်ပတ်သက်မှုကို ဟန့်တားစေကာ လူမှုကာကွယ်စောင့်ရှောက်ရေး မူဝါဒများနှင့် အစီအစဥ်များ၏ ထိရောက်မှုကို လျော့ပါးစေပါသည်။

အမျိူးသမီးလုပ်သားများ၊ လယ်သမားများနှင့် တံငါသည်များ၏ စုစည်းနိုင်မှုအပေါ် ကန့်သတ်ချက်များ သို့မဟုတ် အဟန့်အတားများသည် အမျိုးသမီးများ၏ စီးပွားရေး၊လူမှုရေးဆိုင်ရာ အားနည်းချက်တို့ကို ပိုမိုဆိုးရွားစေပါသည်။ ၎င်းသည် လူကုန်ကူးခြင်းနှင့် အဓမ္မလုပ်အားခိုင်းစေမှုများအပါအဝင် ခေါင်းပုံဖြတ်မှုနှင့် အလွဲသုံးစားမှု တိုးမြင့်လာခြင်းကို ဦးတည်စေပြီး လူမှုကာကွယ်စောင့်ရှောက်မှုများ မလုံလောက်ခြင်းနှင့် အဓိပ္ပါယ်မဲ့ခြင်းတို့ကို ဖြစ်စေပါသည်။

သယံဇာတခွဲဝေရာ လူမှုကာကွယ်စောင့်ရှောက်ရေးသည် အကြီးစားစီးပွားဖြစ် ငါးဖမ်းလုပ်ငန်းကို သွယ်ဝိုက်၍ ထောက်ပံ့မှု မပြုသင့်ပါ။ သင်္ဘောများ၊ စက်ရုံများအလုပ်ရုံများက ငါးဖမ်းလုပ်သားများ၏ ဆင်းရဲမွဲတေမှုလစာသည်  ၎င်းတို့၏ အသိုင်းအဝိုင်းများတွင် ဆင်းရဲမွဲတွေမှုကို တည်တံ့စေပြီး –  ရပ်ရွာများမှာ စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းလည်ပတ်နေသော နေရာနှင့် အနီးတဝိုက်တွင် တည်ရှိကြပါသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံက ၄ ကြိမ်မြောက် ငါးဖမ်းလုပ်သားများဆိုင်ရာ အမျိုးသားညီလာခံ တွင် ငါးဖမ်းလုပ်သားများ၏ စွမ်းအားကို တည်ဆောက်ခြင်းနှင့် ရေရှည်တည်တံ့သော ငါးဖမ်းလုပ်ငန်းတို့အကြား ချိတ်ဆက်မှုကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ ဤကိစ္စတွင် ငါးဖမ်းလုပ်သားများညီလာခံက ဆင်းရဲမွဲတေမှု၊ ကြွေးမြီနှင့် လူ့အခွင့်အရေးများ လက်လှမ်းမီမှု နည်းပါးခြင်း (အစားအစာနှင့် အဟာရ၊ အိမ်ရာ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်မှု) တို့သည် ပုဂ္ဂိလက စီးပွားဖြစ် ငါးလုပ်ငန်း ကဏ္ဍတွင် ဆင်းရဲမွဲတေမှု လုပ်ခလစာ၏ တိုက်ရိုက်အကျိုးဆက်အဖြစ် သတ်မှတ်ပါသည်။ သမဂ္ဂဖြစ်မြောက်ရေးကို တားဆီးရန် အလုပ်ရှင်များ၏ နောက်ကွယ်က ကြိုးကိုင်ကြိုးပမ်းမှုများနှင့် ILO ပြဌာန်းချက် အမှတ် ၈၇ နှင့် ၉၈ တွင်ပါရှိသော လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် စုပေါင်းတောင်းဆိုခွင့်တို့ကို အကြိမ်ကြိမ်ချိုးဖောက်မှုများသည် ငါးဖမ်းလုပ်သားများကို ပိုမိုကောင်းမွန်သော လုပ်အားခရရှိရေးနှင့် ၎င်းနှင့်မိသားစုတို့ ဆင်းရဲမွဲတေမှုမှ ကယ်ထုတ်နိုင်ရေးအတွက် ၎င်းတို့၏စုပေါင်းတောင်းဆိုခွင့်ကို တားဆီးပါသည်။

ပိုမိုကောင်းမွန်သော လုပ်ခလစာနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်များ ရရှိစေရန် ပုဂ္ဂလိက စီးပွားဖြစ် ငါးဖမ်းကဏ္ဍတွင် စုပေါင်းညှိနှိုင်းတောင်းဆိုမှုသည် ဦးစားပေးတရပ်အဖြစ် ရှိနေရမည် ဖြစ်ပြီး၊ အစိုးရက ငွေကြေးထောက်ပံ့သော လူမှုကာကွယ်စောင့်ရှောက်ရေးသည် အခွင့်အရေးများကို ဖိနှိပ်ပြီး ဆင်းရဲမွဲတေမှု လုပ်ခလစာများကို တည်တံ့စေသော လုပ်ငန်းတခုခုကို အမှတ်မထင် ထောက်ပံ့မှုမျိုး မလုပ်သင့်ပါ။ 

ငါးလုပ်ငန်းကဏ္ဍက အလုပ်သမားများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အခွင့်အရေးများကို ပြင်းပြင်းထန်ထန်နှင့် ကျယ်ပြန့်စွာ ချိုးဖောက်မှုများသည် ILO ပြဌာန်းချက် အမှတ် ၁၅၅ ကို ချိုးဖောက်ခြင်း ဖြစ်ပါသည်။  ၎င်းသည် ယခုအခါ အခြေခံပြဌာန်းချက်တရပ် ဖြစ်လာသည်။ ဖိလစ်ပိုင်နိုင်ငံတွင်  ၄ ကြိမ်မြောက် ငါးဖမ်းလုပ်သားများဆိုင်ရာ အမျိုးသားညီလာခံသို့ တက်ရောက်လာကြသော ငါးဖမ်းနယ်ပယ်က အဖွဲ့ဝင်တော်တော်များက ပုဂ္ဂလိက စီးပွားဖြစ် ငါးဖမ်းကဏ္ဍက ငါးဖမ်းသမားများ ရရှိခံစားကြရသော ပြင်းထန်သည့်ထိခိုက်မှုသည် ဘေးကင်းလုံခြုံမှုမရှိသော အလုပ်အလေ့အကျင့်များကြောင့် ဖြစ်သည်ဟု ဖော်ထုတ်ကြပါသည်။ ဘေးကင်းလုံခြုံမှု မရှိသော အလုပ်က ပိုမိုကြီးမားသော ထိခိုက်ဒဏ်ရာ၊ နာတာရှည်ဖျားနာမှုနှင့် အလုပ်မဆင်းနိုင်တော့သည့် အခြေအနေများကို ဖြစ်ပေါ်စေပြီး ၎င်းသည် လူမှုကာကွယ်စောင့်ရှောက်မှု အစီအစဥ်များအပေါ် ပိုမို ဝန်ပိစေပါသည်။

ဥပမာ အနေဖြင့် မော်ဒိဗ်နိုင်ငံက ကျွန်ုပ်တို့၏ အဖွဲ့ဝင် BKMU သည် ငါးဖမ်းနှုန်းအပေါ် ဆွေးနွေးညှိနှိုင်းနိုင်စွမ်းရှိပြီး ဒီလိုဆွေးနွေးနိုင်မှုက ငါးဖမ်းလုပ်သားများနှင့် ၎င်းတို့၏ မိသားစုနှင့် အသိုင်းအဝိုင်းများကို ဝင်ငွေနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်း တိုးလာစေပါသည်။ သို့သော်လည်း လက်ရှိ လုပ်ငန်းဆက်ဆံရေးဥပဒေ (Industrial Relations Bill)သစ်က စည်းရုံးမှုနှင့် စုပေါင်းတောင်းဆိုမှုများ ဆောင်ရွက်ရန် BKMU ၏ စွမ်းရည်ကို လျော့ပါးစေရန် ခြိမ်းခြောက်နေပါသည်။ စုပေါင်းတောင်းဆိုမှု အခွင့်အရေးများ မရှိသည့်အခါ ဝယ်ယူကြသော ကုမ္ပဏီများသည် လက်ဝါးကြီးအုပ်မှုကို ထိန်းသိမ်းကာ ငါးဖမ်းဈေးနှုန်းများကို ကြိုးကိုင်နိုင်ပြီး BKMU အဖွဲ့ဝင်များ၏ ဝင်ငွေများကို လျော့ပါးစေပါသည်။ ၎င်းက ဒီဝင်ငွေများအပေါ် မှီခိုနေကြသည့် ရပ်ရွာလူထုများတွင် ဆင်းရဲမွဲတေမှုနှင့် ကြွေးမြီ ပိုမိုကြီးထွားစေပါသည်။ ၎င်းကို လူမှုကာကွယ်စောင့်ရှောက်ရေးဘက်သို့ လှည့်ခြင်းသည် အဖြေမဟုတ်ပါ။ အဖြေသည် စီးပွားဖြစ် ငါးဖမ်းကဏ္ဍတွင် အမြတ်ပြန်လည် ဖြန့်ဝေရန် စုပေါင်းညှိနှိုင်းတောင်းဆိုခွင့် ကျင့်သုံးနိုင်ခြင်းပေါ်မူတည်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေး မှတဆင့် အများပြည်သူ အရင်းအမြစ်များကို လမ်းကြောင်းလွှဲခြင်းမျိုး မဖြစ်ရပါ။

လက်မှုငါးဖမ်းလုပ်ငန်း၊ အသေးစားရေလုပ်ငန်း၊ လွတ်လွတ်လပ်လပ်လုပ်ကိုင်ရသော ကဏ္ဍနှင့် အိမ်တွင်းအခြေပြု လုပ်ငန်းတို့အပြင် ရာသီဥတု အားနည်းချက်ဒဏ်ခံနေကြရသော ကမ်းရိုးတန်းနှင့်ကုန်းတွင်းငါးဖမ်းလုပ်ငန်း အများစုတွင် လူမှုကာကွယ်စောင့်ရှောက်မှု လိုအပ်ပါသည်။ ၎င်းသည် လက်မှုလုပ်ငန်းနှင့်ရေလုပ်ငန်းတို့တွင် ကလေးလုပ်သားကိစ္စကို အရေးတကြီးဖြေရှင်းရန် လိုအပ်သော ဗျူဟာများ၏ အရေးကြီးသော အစိတ်အပိုင်းတခုဖြစ်သည်။

ရာသီဥတုဖောက်ပြန်ခြင်း၊ ဇီဝမျိုးစုံကွဲများ ဆုံးရှုံးခြင်းနှင့် ရေနေသတ္တဝါမျိုးစိတ်များ ကျဆင်းလာခြင်းဆိုင်ရာ ကမ်းရိုးတမ်းငါးဖမ်းအသိုင်းအဝန်းများ၏ အားနည်းချက်မှာ ဒေသတခွင်လုံးအတွက် စိုးရိမ်စရာ ဖြစ်လာနေပါသည်။ ၎င်းသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် ဝင်ငွေများအပြင် နယ်မြေခံတို့၏ စားနပ်ရိက္ခာဖူလုံရေးအပေါ် သိသာသော အကျိုးသက်ရောက်မှု ရှိစေပါသည်။ လူမှုကာကွယ်စောင့်ရှောက်ရေး၏ ထိရောက်မှုသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်မှုနှင့် အခွင့်အရေးများကို ပေါင်းစပ်ထားသည့် ပိုမိုညီညွတ်ပြီး ပြည့်စုံသော မူဝါဒချဥ်းကပ်မှုတရပ်အပေါ်တွင် မူတည်ပါသည်။ ၎င်းတွင် ဆုံးဖြတ်ချက်ချမှုမှာ ရေလုပ်သားများ၏ စုပေါင်းကိုယ်စားပြုခွင့်နှင့် အစာအဟာရ ရရှိခွင့်တို့ ပါဝင်ပါသည်။ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို သတ်နေသည့် လုပ်ငန်းဆိုင်ရာ ညစ်ညမ်းမှုတို့ကို တားဆီးရန် အစိုးရများမှ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ဖို့ လိုအပ်ပါသည်။

အရင်းအမြစ်များဆိုင်ရာ မေးခွန်းသည် အကြီးစား စီးပွားဖြစ် ငါးဖမ်းခြင်း – အထူးသဖြင့် ကမ်းဝေးငါးဖမ်းခြင်း (DWF) – အတွက် အစိုးရထောက်ပံ့ငွေများ ပျံ့နှံ့မှုနှင့် ဆက်စပ်နေပါသည်။ DWF သည် ရှားပါးသော ရေနေသယံဇာတများအပေါ် သိသာထင်ရှားသော သက်ရောက်မှုရှိပြီး သမုဒ္ဒရာငါးဖမ်းလုပ်ငန်း လျော့ကျလာမှုအပေါ် ခြိမ်းခြောက်နေပါသည်။ ၎င်းသည် ငါးဖမ်း အသိုင်းအဝိုင်းများ၏ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးကို တဖန် ခြိမ်းခြောက်နေပါသည်။ ၎င်းကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုပါက အကြီးစား စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းနှင့် DWF ရေယာဥ်အတွက် အစိုးရထောက်ပံ့ငွေများသည် ကမ်းရိုးတမ်း ငါးဖမ်းအသိုင်းအဝန်းများ အထူးသဖြင့် မိရိုးဖလာနှင့် ဌာနေငါးဖမ်းသူများကြားမှာ ဆင်းရဲမွဲတေမှု၊ ကြွေးမြီနှင့် စားနပ်ရိက္ခာ မဖူလုံမှုများကို ပိုမိုကြီးမားစေပါသည်။ ၎င်းက လူမှုကာကွယ်စောင့်ရှောက်ရေး ပိုမိုလိုအပ်မှုကို ဖြစ်ပေါ်စေပါသည်။ စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းအတွက် သယံဇာတ ထုတ်ယူမှု ထောက်ပံ့ငွေများ ဆက်လက်ပေးဆောင်နေပါက လူမှုကာကွယ်စောင့်ရှောက်ရေး၏ ထိရောက်မှုသည်လည်း ဆက်လက် လျော့ကျနေသေးသည်။

ဤသဘောအရ ငါးလုပ်ငန်းကဏ္ဍတွင် သာတူညီမျှ “ အပြာရောင် အသွင်ပြောင်းခြင်း” ကို ရရှိရန် လူမှုကာကွယ်စောင့်ရှောက်ရေးသည် အများပြည်သူ အရင်းအမြစ်များကို သိသာစွာခွဲဝေပေးပြီး အလုပ်သမားများ၏ အခွင့်အရေးကို အသိအမှတ်ပြုရန် လိုအပ်ပါသည်။  ကျွန်ုပ်တို့သည် အစိုးရ ရန်ပုံငွေဖြင့် လူမှုကာကွယ်စောင့်ရှောက်မှုကို တိုးမြှင့်ရန်သာမက သဘာဝပတ်ဝန်းကျင်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် ဝင်ငွေ၊ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်နိုင်သည့် စီးပွားရေးဆိုင်ရာ ထောက်ပံ့နေမှုများကို လျှော့ချရန် လိုအပ်ပါသည်။ ဖြည့်စွက်ပြောရရင် လူမှုကာကွယ်စောင့်ရှောက်ရေးကို အများပြည်သူ အရင်းအမြစ်များ၏ ပိုမိုကျယ်ပြန့်သောခွဲဝေးမှု ပုံစံဖြင့် ငွေကြေးထောက်ပံ့သင့်ပါသည်။ ၎င်းသည် သယံဇာတထုတ်ယူသော သို့မဟုတ် အဖျက်သဘောဆောင်‌သော  လုပ်ငန်းများအတွက် ထောက်ပံ့မှုကို လျှော့ချခြင်းနှင့် အကျိုးတူပူးပေါင်းဆောက်ရွက်မှု အခွန်၊ ချမ်းသာသူများအပေါ်အခွန်များ တိုးမြှင့်ပေးဆောင်စေခြင်း တို့ကို ဦးစားပေးလုပ်ဆောင်ပါသည်။

နောက်ဆုံးအနေဖြင့် အသွင်ကူးပြောင်းမှု တခုခု မျှမျှတတနှင့် ရေရှည်တည်တံ့လိုလျှင် လူမှုကာကွယ် စောင့်ရှောက်ရေးသည် ချမ်းသာကြွယ်ဝမှုကို ပြန်လည်ဖြန့်ဝေရမည် ဖြစ်ပါသည်။